အတွင်းခံဝတ်မှဖြစ်မယ် အမျိုးကောင်းသားတို့ရေ
ကလေးဘဝတုန်းက ငယ်ပါကို ဘောင်းဘီဇစ်နဲ့ ညှပ်ဖူးတဲ့ အမျိုးသားအယောက် (၁၀၀) မှာ (၉၉) ယောက်လောက်ကတော့ အတွင်းခံဘောင်းဘီကို အသက်ကြီးတဲ့အထိ စွဲမြဲနေအောင် ဝတ်တတ်ကြပါတယ်။ အတွင်းခံဝတ်ခြင်း၊ မဝတ်ခြင်းက ကိုယ့်ရဲ့ ရွေးချယ်မှုဆိုပေမဲ့ အမျိုးသားတစ်ယောက်ရဲ့ ကျန်းမာရေးကို သက်ရောက်မှုတွေတော့ ရှိစေနိုင်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အရေပြားကျန်းမာရေး
အမျိုးသားတွေရဲ့ လိင်အင်္ဂါပတ်လည်အရေပြားဟာ ချွေးအရမ်းအောင်းတာကြောင့် အတွင်းခံတစ်ထည် ပါတဲ့အခါ ကိုယ့်ရဲ့ဘောင်းဘီတွေကို အနံ့မကျန်ခဲ့စေအောင် ကူညီပေးသလို ချွေးစုပ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှား ပေါက်ဖွားနှုန်းကို လျှော့ချပေးနိုင်သလို အရေပြား ယားယံခြောက်သွေ့မှု ဖြစ်နိုင်ခြေ ပိုနည်းပါတယ်။
တစ်ခု သတိပြုဖို့ကတော့ အတွင်းခံကို ရွေးချယ်တဲ့နေရာမှာ ချည်သားအတွင်းခံအပွတွေကသာ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အတွင်းခံဝတ်ပြီး အဲဒီအတွင်းခံကို မလျှော်ဘဲ ထပ်ခါတလဲလဲ ပြန်ဝတ်ရင်တော့ အရေပြားမှိုစွဲတာတွေ ဖြစ်နိုင်ပါတယ်။
မျိုးအောင်နိုင်ခြေအပေါ် သက်ရောက်မှု
ယောက်ျားလေးတစ်ယောက် မျိုးအောင်ဖို့ သုက်ပိုးတွေ ကျန်းမာပြီး အားကောင်းနေဖို့ လိုအပ်ပါတယ်။ အတွင်းခံအကျပ်ဝတ်ပြီး အထဲမှာပူနေလို့ သုက်ပိုးတွေကို သေစေတာမျိုးမဟုတ်တဲ့တိုင်အောင် သာမန်အမျိုးသားတွေထက်တော့ မျိုးအောင်နိုင်ခြေ နည်းနည်းလျော့ကျနိုင်ပါတယ်။
အူကျခြင်း
Hernia လို့ခေါ်တဲ့ အူကျခြင်း၊ အူကျွံခြင်းပြဿနာဟာ ယောက်ျားလေးတွေမှာပဲ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရင်တုန်းကတော့ ကျပ်လွန်းတဲ့အတွင်းခံဝတ်တဲ့ အမျိုးသားတွေမှာ အဖြစ်များတယ်ဆိုပြီး ပြောစမှတ်ပြုကြပေမဲ့ တကယ်တော့ ယောက်ျားလေးတိုင်းမှာ အူကျနိုင်ခြေဟာ အတူတူနည်းပါးပါပဲ။ အူကျတဲ့ပြဿနာကို ကာကွယ်ဖို့အတွက် ချောင်လွန်း၊ ကျပ်လွန်းတဲ့အတွင်းခံမျိုးတွေကို ရှောင်ပြီး ကိုယ်နဲ့ Fit ဖြစ်မယ့် အတွင်းခံကို ဝတ်သင့်ပါတယ်။
ထိခိုက်မှုများမှ ကာကွယ်ပေးခြင်း
အတွင်းခံဝတ်ထားတဲ့ အမျိုးသားတွေဟာ ပြင်ပကဝင်လာနိုင်တဲ့ ဖိအားဒဏ်တွေကြောင့် ကိုယ့်ရဲ့လိင်အင်္ဂါနဲ့ ဝှေးစေ့ပေါ်ကို သက်ရောက်မှုလျှော့ချပေးနိုင်ပြီး ထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးတွေ၊ အောက်ပိုင်းထိုင်တဲ့နေ့တွေမှာ ဝှေးစေ့ထိခိုက်မိခြင်း၊ ဝှေးစေ့အတွင်း ဒဏ်မဖြစ်စေဖို့ ကျပ်လွန်းတာမဟုတ်တဲ့ အနေတော်အတွင်းခံကို ဝတ်ထားသင့်ပါတယ်။
သက်သောင့်သက်သာဖြစ်စေခြင်း
ဘာမှမဝတ်ရင် ပိုပြီးသက်သောင့်သက်သာမဖြစ်ဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ ကိုယ့်အိမ်မှာနေနေရင် ဘာမှမဝတ်ဘဲနေတာ သက်သောင့်သက်သာဖြစ်ပေမယ့် အပြင်သွားလို့ ဂျင်းဘောင်းဘီတွေ၊ စတိုင်ဘောင်းဘီတွေ ဝတ်ရပြီဆိုရင်တော့ အတွင်းခံမပါဘဲ တွဲလောင်းလျှောက်သွားရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီအခါမှာ Fit ဖြစ်ပြီး ကိုယ့်ရဲ့လှုပ်ရှားသွားလာမှုကို ကောင်းကောင်း Support လုပ်ပေးနိုင်တဲ့အတွင်းခံမျိုး ဝတ်ပေးခြင်းက ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်စေရုံသာမက လမ်းလျှောက်ရတာ၊ ကွေးဆန့်ရတာမှာ ပိုအဆင်ပြေစေပါတယ်။
အတွင်းခံနဲ့ ပတ်သက်ပြီး ဒါတွေသိထားပေးပါ
၁။ အတွင်းခံသည် တခြားအဝတ်အစားတွေလိုပဲ တစ်ခါဝတ်ပြီးတိုင်း နေ့စဉ်လျှော်ဖွပ်ပြီး လဲဝတ်ရတဲ့ အဝတ်အစားပါ။ ထပ်ကာတလဲလဲ ဝတ်ခြင်းက အရေပြားကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။
၂။ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေပြီး Fit ဖြစ်မယ့် အတွင်းခံတွေကို ရွေးချယ်ဝယ်ယူပါ။ အတွင်းခံဝယ်တဲ့အခါ အသားအေးပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။
၃။ အိမ်မှာနေတဲ့အခါ အတွင်းခံအပွ၊ ဒါမှမဟုတ် ပုဆိုးပဲ ဝတ်ထားပါ။
၄။ အတွင်းခံကို (၆) လ ကနေ တစ်နှစ်ပြည့်တိုင်း အသစ်လဲလှယ်ပါ။
၅။ စိုစွတ်နေတဲ့အတွင်းခံနဲ့ အရေပြား အချိန်ကြာမြင့်အောင် ထိတွေ့နေခြင်းကနေ ရှောင်ပါ။
၆။ ကိုယ့်အတွင်းခံကို တခြားသူကို ပေးမဝတ်ပါနဲ့၊ တခြားသူရဲ့ အတွင်းခံကိုလည်း မျှပြီး မဝတ်ပါနဲ့။
ရဲမျိုးမြတ်